မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ
Showing posts with label တွေးတောကိုးကားစရာ စာစုများ. Show all posts
Showing posts with label တွေးတောကိုးကားစရာ စာစုများ. Show all posts

Wednesday, December 24, 2014

တဖက်ကန်းတွေ ဖတ်ဖို့စာ

 တဖက်ကန်းတွေ ဖတ်ဖို့စာ
▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼


အချို့သော လူတို့သည် လောဘ၊ဒေါသ၊ အတ္တ၊မာန စသော အကုသိုလ်အညစ်အကြေးတွေ ဖုံးပိတ်ကာဆီးထားခြင်းကြောင့် မိမိပြုလုပ်နေသော အကုသိုလ်အမှုများ၊မိမိကိုယ်ကို ပြန်ပြီးပျက်ဆီးဆုတ်ယုတ် အကျိုးမဲ့သော အကြောင်းတရားတွေကို သတိမထား အသိမ၀င်ပဲ လုပ်ကိုင်နေတတ်ကြပါတယ်။
မိမိ၏ အတ္တဆန္ဒနောက်ကိုလိုက်ပြီး မပြစ်မှားသင့်မပြစ်မှားထိုက်သော ပုဂ္ဂိုလ်တွေကို ပြစ်မှားစော်ကားတတ်ကြပါတယ်။ ကျမ္မာရေးကောင်းနေစဉ်၊ မာန၊အတ္တတံခွန်ထူနေချိန်မှာတော့ ပညာအသိတရာဖြင့် ဝေဘန်ဆန်းစစ်ခြင်းမရှိလျှင် မိမိ၏ ပြုလုပ်စော်ကားထားမှုကို မကောင်းမှုဟုပင်မမြင်ပဲ၊ အဟုတ်ကြီးထင် နေတတ်ကြပြီး၊ အိုးမင်းမစွမ်း၊စိတ်အလို လူမလိုက်နိုင်သော ဇရာထောင်သည့် အခါမှ နောင်တတဖန်ပူပန်မှု ကုက္ကုစ္စနှပ်စက်ကာ အပါယ်လေးဘုံကို ကျရောက်ကာ ပြင်လို့မရနိုင်သော နောင်တတရားများရင်ဝယ်ပိုက်လို့ ဘ၀ပါမက သံသရာပါ စုံစုံမြုပ်တတ်ကြပါတယ်။
မာန၊အတ္တတို့၏ စေခိုင်းမှုနောက်သို့လိုက်၍ တစ်ခဏသာ စိတ်အလိုလိုက်ပြီး ပြစ်မှားစော်ကား တစ်သံသရာလုံး ဆင်းရဲမှုဒုက္ခကို တွေ့ကြုံခံစားရမှာဖြစ်ပါတယ်။ မိမိပြုလုပ်သော အလုပ်အမှုဟာ မိမိကိုယ်ကိုပြန်ပြီး တူးဖြိုဖျက်ဆီးသည့် ပုံပမာကဲ့သို့ ဖြစ်ကြရ၏။ ထို့သို့ မိမိကိုယ်ကို ပြန်တိုးဖြိုးဖျက်ဆီးသကဲ့သို့ဖြစ်သည့် မပြစ်မှားသင့် မပြစ်မှားထိုက်သော သူတို့၏ သရုပ်ကို ဗုဒ္ဓမြတ်စွာက "အင်္ဂုတ္တရ၊ စတုက္ကနိပါတ၊ တဏှာယောဂ သုတ်"မှာ ဟောကြားထားတာရှိပါတယ်။
အတ္တမာန၊ ဆန္ဒနောက်လိုက်ပြီး သတိမထား အသိမပွားပဲ ပြစ်မှားမိလျှင် ပြုပြင်၍ မရရှိနိုင်သည့် နောင်တဆိုးများကို မရရှိရလေအောင် သတိဆောင်ကာ ရှောင်ရှားနိုင်ကြစေဖို့ ဖော်ပြပေးလိုက်ပါတယ်.။
(၁) အနန္တဂုဏ်ရှင် ကျေးဇူးတော်ကြီးမား မိမိ၏ဖခင်အား ဖောက်ပြန်မှားယွင်းစွာ စွတ်စွဲပြောဆို ကျင့်ကြံပြုလုပ်သောသူ။
(၂) အနန္တဂုဏ်ရှင် ကျေးဇူးတော်ကြီးမား မိမိ၏မိခင်အား ဖောက်ပြန်မှားယွင်းစွာ စွတ်စွဲပြောဆို ကျင့်ကြံပြုလုပ်သောသူ။
(၃) အနန္တဂုဏ်ရှင် ကျေးဇူးတော်ကြီးမား သဗ္ဗညုတ မြတ်ဗုဒ္ဓအား ဖောက်ပြန်မှားယွင်းစွာ စွတ်စွဲပြောဆို ကျင့်ကြံပြုလုပ်သောသူ။
(၄) အနန္တဂုဏ်ရှင် ကျေးဇူးတော်ကြီးမား မြတ်ဗုဒ္ဓ၏ တပည့်သား သံဃာတော်အရှင်သူမြတ်တို့အား ဖောက်ပြန်မှားယွင်းစွာ စွတ်စွဲပြောဆို ကျင့်ကြံပြုလုပ်သောသူ။
အထက်ဖော်ပြပါ အပြစ်မှားမစော်ကားသင့်သော သူတို့အား မိမိတို့၏ တခဏသာ မာန၊အတ္တကို ရှေ့တန်းပြုကာ စော်ကားပြစ်မှားခြင်းမပြုလုပ်ကြပဲ "အကုလ်သိုလ်စိတ်အစုကို အသိပညာတခုဖြင့် ထိန်းသိမ်းနိုင်ကြပြီး"ပစ္စုပ္ပုန်၊သံသရာ၊ လောကီလောကုတ္တရာ နှစ်ဖြားသော နေရာတို့တွင် အကျိုးရှိ၊တန်ဖိုးရှိအောင် ပြုလုပ်ဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုလျှက်။
ဓမ္မ၀ီရ အရှင်တေဇနိယ
ဗုဒ္ဓဂယာ၊ အိန္ဒိယ
ဆက်ဖတ်ရန်

သင့်ကလေးကိုထိခိုက်လွယ်သောစကားများ (မိဘများအတွက်)

 သင့်ကလေးကိုထိခိုက်လွယ်သောစကားများ (မိဘများအတွက်)


တစ်ခါတစ်လေ စကားတစ်ခွန်းကြောင့် ကလေးဘ၀တစ်ခုလုံးကို ထိခိုက်သွားတာမျိုး ရှိတတ်ပါတယ်။ အောက်ပါစကားများကို သင်ပြောမိတာမျိုး ရှိတတ်ပါသလား စမ်းစစ်နိုင်အောင်တင်ပေးလိုက်ပါတယ်။

၁။ အလကားကောင် အသုံးမကျတဲ့ကောင်

မိဘများအထူးဆင့်ခြင်သင့်ပါတယ်။ ကလေးဆိုတာမျိုးက မိဘရည်ညွန်းသလို ဖြစ်တတ်သွားပါတယ်။ အော..ငါ့အဖေကငါ့ကို အလကားကောင်လို့ပြောနေပါလား ငါတကယ်ပဲ အသုံးမကျတဲ့ကောင်ဖြစ်နေတာပဲ စသည်ဖြင့် ကလေးကိုအသိဝင်သွားစေ တတ်ပါတယ်။

၂။ မင်းပါးစပ်ပိတ်ထားစမ်း

မင်းပါးစပ်ပိတ်ထားစမ်း၊ မင်းဘာလို့မိဘစကားကိုနားမထောင်တာလဲ
စကားနားထောင်ခြင်းဆိုတာ နာခံခြင်းကိုကိုယ်စားပြုနေတတ်ပါတယ်။ တကယ်လို့ ကလေးကမိဘပြောတိုင်း ဒါအမှန်ပဲ၊ ငါ့အဖေအမေတောင်ဒီလိုပြောတာအကုန်လုံးမှန်တယ်လို့ အထင်ရောက်သွားစေခဲ့ရင် ကလေးစဉ်းစားဥာဏ်ထိုင်းသွားစေနိုင်ပါတယ်။ ကလေးကို ငြင်းဆိုခွင့် သူ့အမြင်သူတင်ပြပိုင်ခွင့် ပေးထားသင့်ပါတယ်။ ဖေဖေ ပြောတာ သားကောင်းဖို့အတွက်ဆိုပေမဲ့လို့ အားလုံးမှန်ချင်မှမှန်မှာ၊ သားပြန်စဉ်းစားကြည့်၊ မှန်တယ်ဆိုရင် လက္ခံလိုက်၊ ဖေဖေပြောတဲ့အတိုင်းလုပ်လိုက်၊ အဲလိုပြောရင် ကလေးကပိုလက္ခံတတ်ပြီး စဉ်းစားခိုင်းရာလည်းကျပါတယ်။

၃။ ငါမရဘူးဆိုရင် မရဘူးပဲ

မိဘသြဇာပြတာပါ။ မှားမှားမှန်မှန် ဒီအိမ်မှာ ဒါပြီးမှပြီးတယ်ဆိုတဲ့သဘော ဆောင်ပါတယ်။ တစ်ချက်လွတ် အမိန့်သုံးတတ်တဲ့မိဘမျိုး ပြောလေ့ရှိပါတယ်။ တစ်အိမ်သားလုံးကိုယ့်ကို ကြောက်နေတာမျိုးကို ဂုဏ်ယူတတ်တဲ့ လူစားမျိုး ဖြစ်နေတတ်ပါတယ်။ ကြောက်ခြင်းဟာ ယုံကြည်လေးစားခြင်းကို ကိုယ်စားလုံးဝမပြုတာကို သတိပြုသင့်ပါတယ်။

၎။ မင်းငါတို့ နဲ့ မဆိုင်တော့ဘူး၊ မင်းလုပ်ချင်သလိုလုပ်တော့

သားသမီးကို စိတ်ပျက်ပြီ ဆိုတဲ့သဘောမျိုးနဲ့ ပြောတဲ့စကားမျိုးပါ။ တစ်ခုခုကို လုပ်ခိုင်းလိုက်လို့ ကလေးကို ဘယ်လိုနည်းနဲ့မှ ဖျောင်းဖြလို့ မရတော့တဲ့ အခါမျိုး မှာသုံးစွဲတတ်ပါတယ်။ မိဘက ကိုယ့်ကို စိတ်ကုန်သွားပြီလို့ ကလေးအထင်ရောက် သွားစေပါတယ်။ ကလေးစိတ်ဓါတ်ကျလွယ်စေတတ်ပါတယ်။

၅။ မင်းအမှတ် (၁၀၀ ) ရရင် ဘာဘာဝယ်ပေးမယ်

အပေးအယူ လုပ်တာပါ။ မင်းငါ့ကို ဒါရအောင်လုပ်ပေးရင် မင်းကို ဒါလုပ်ပေးမယ်ဆိုတဲ့သဘောမျိုးကိုဆောင်ပါတယ်။အဲဒီအမှတ်မှ မရရင် ၀ယ်မပေးနိုင်တဲ့သဘော၊ မိဘက ၀ယ်မပေးချင်လို့ အဲလိုပြောတာမျိုး အထင်ရောက်သွားစေပါတယ်။ ကြိုးစားခြင်းဆိုတာ ကလေးရဲ့တာဝန်လို့ ကလေးကိုသိစေသင့်ပါတယ်။ မိဘအတွက်ကြိုးစားတာမျိုး မဖြစ်သင့်ပါဘူး။

၆။ ကလေးချင်းအတူတူပဲ မင်းဘာလို့သူများလောက်မထူးချွန်တာလဲ

ကလေးဆိုတာ ကိုယ့်အရည်အချင်း နဲ့ ကိုယ်ရှိတတ်တာမို့ သူများကလေးနဲ့ နိုင်းနိုင်းပြီး မဆုံးမသင့်ပါဘူး။ အခြားကလေးတွေ နဲ့ ခိုင်းနိုင်းပြီး ကလေးကိုဆုံးမတာလောက် ကလေးကိုစိတ်ထိခိုက်စေတာမျိုး မရှိတော့ပါဘူး..။
ဆင်ခြင်နိုင်ကြပါစေ..။
မျှဝေ...
ဆက်ဖတ်ရန်

Thursday, December 5, 2013

ညီက တေလေဂျပိုးဖြစ်ပြီး ၊ အစ်ကိုကတက္ကသိုလ် ပါမောက္ခ ဘာကြောင့်ဖြစ်



တစ်ခါက မြို့တစ်မြို့တွင် အင်မတန် ဆိုးသွမ်းသော ဒုစရိုက် လူဆိုးတစ်ယောက်ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိလိုက်လေ၏။ အမှုတွဲမှတ်တမ်းတင် ရဲအရာရှိက မည်သည့်အတွက်ကြောင့် ခုလို လူဆိုးဖြစ်နေရသနည်း ဟု မေးမြန်းကြည့်လေ၏။

မေး- “ ခင်ဗျား ဘာကြောင့် ဒီလို လူဆိုး ဘ၀ရောက် နေရတာ လဲဆိုတာ လူငယ်တွေ သိပြီး ရှောင်နိုင်အောင်လို့ ပြောပေးပါလားဗျာ
ဖြေ - “ ကျွန်တော် လူဆိုး ဖြစ်ရခြင်းရဲ့ အဓိက တရားခံက ကျွန်တော့်အမေရဲ့ နောက်ယောက်ျား (ပထွေး) ကြောင့် ပေါ့ဗျာ။ ပထွေးက သူလုပ်ကျွေးရတာဆိုပြီး ကျွန်တော်တို့ကို နှိပ်စက်တယ် ကျွန်တော်လည်း စိတ်ညစ်တဲ့ အတွက် အမေနဲ့ ပထွေးကို အရွဲ့တိုက်ပြီး အရက် သောက်တယ် ဖဲရိုက်တယ် ညတွေ အိမ် မှာ ပြန်မအိပ်ဘဲ လမ်းပေါ်မှာပဲ အချိန်ကုန် ခဲ့တယ်။ အဲဒီမှာတင် ကလေကခြေတွေနဲ့ ပေါင်းမိပြီး ဆေးခြောက်တွေ သုံးစွဲ ခဲ့ကြတယ်။ ခိုး၊ လု ခါးပိုက်နှိုက် ဒုစရိုက်မျိုးစုံကို ကျူးလွန်မိတော့ တာပဲဗျာ

မေး - “ ခင်ဗျား မှာ အစ်ကို တစ်ယောက် ရှိတယ်လို့ သိရတယ်။ သူကရော ဒုစရိုက်သမားပဲလား
ဖြေ - “ မဟုတ်ပါဘူး သူက အခြားမြို့မှာ တက္ကသိုလ် ပါမောက္ခ လုပ်နေပါတယ်။
မှတ်တမ်းတင် အရာရှိလည်း စိတ်ဝင်စားသွားပြီး တက္ကသိုလ် ရှိရာသို့ လိုက်သွားကာ ပါမောက္ခကို အခုလို သွားရောက်တွေ့ဆုံပြီး မေးမြန်း ခဲ့ပါသည်။

မေး - “ ဆရာခင်ဗျာ - အခုလို ပါမောက္ခ ဖြစ်သာအောင် ဘယ်လိုကြိုးစား ရုန်းကန်ခဲ့ရတယ် ဆိုတာကို လူငယ်တွေ စံနမူနာ ယူနိုင်ကြစေဖို့ ပြောပြပေးစေချင်ပါတယ်
ဖြေ - “ ကျွန်တော် ခုလို ပါမောက္ခဖြစ်ရတာ ပထွေးကြောင့် ပါပဲ ခင်ဗျာ
မေး - “ ပေထွေးက ဘယ်လို အားပေးကူညီခဲ့လို့လဲ

ဖြေ - “ အားပေးကူညီတာ မဟုတ်ဘူးဗျ နှိပ်စက်တာ စိတ်ညစ်အောင်လုပ်တာ။ ကျွန်တော်ကလည်း အဲဒီလို လုပ်လေ စာကြည့်တိုက်သွားပြီး စာဖတ်လေပဲ။ တစ်ခါတလေ အိမ်မပြန်တော့ဘဲ စာကြည့်တိုက်မှုးကို ပြောပြီး စာကြည့်တိုက်မှာအိပ်တယ်။ စာကြည့်တိုက်မှူးကလည်း ကျွန်တော် နဲ့ သင့်မယ့် စာအုပ်တွေကို ရွေးပြီး ဖတ်စေတယ်။ 

စာအုပ်တွေထဲက နေ လောကဓံကို ဘယ်လိုရင်ဆိုင်ရမယ်။ ကိုယ့်ဘ၀ကို ဘယ်လို ရပ်တည်ရမယ်ဆိုတာ သိလာပြီးကြိုးစားလိုက်တာ ခုလိုတက္ကသိုလ် ပါမောက္ခ ဖြစ်လာတာပါပဲ ခင်ဗျာ

သင်ခန်းစာ - ပထွေးဆိုး နဲ့ တွေ့တာခြင်း လောကဓံကို ခံရတာခြင်းတူသော်လည်း စိတ်ညစ်လို့ အရက်သောက်ပြီး အချိန်ဖြုန်းတဲ့ သူနဲ့ စာဖတ်ပြီး အချိန်ကို ကောင်းစွာ အသုံးချတဲ့သူ ဘယ်လောက်ကွာခြားလဲ ဆိုတာထင်ဟပ်ပြီး စာဖတ်ခြင်းဟာ ဘ၀ အတွက် ဘယ်လောက် အရေးပါလဲ ဆိုတာ သိသာထင်ရှားလှပါတယ်။

စာဖတ်နည်း သုံးနည်း
၁။ မျက်စိဖြင့် စာဖတ်ခြင်း - စာအုပ်စာပေ နှင့် မြင်မြင်သမျှ ပုံရိပ်များ
၂။ နားဖြင့် ဖတ်ခြင်း - တရားနာခြင်း ဟောပြောပွဲ များ နားထောင်ခြင်း
၃။ ခြေထောက်ဖြင့် စာဖတ်ခြင်း - ဒေသန္တရ ဗဟုသုတ ရအောင် ခရီးထွက်ခြင်း လေ့လာခြင်း
မေတ္တာရှင်ဆရာတော်
ခရီးသွားခြင်းဟာလည်း စာဖတ်ခြင်း တစ်ခုပါပဲ။

ဆက်ဖတ်ရန်

Wednesday, December 4, 2013

နေ့နံအလိုက် နာမည်မှည့်ခြင်း



မြန်မာဗုဒ္ဓဘာသာဝင်အများစုသည်
ဗုဒ္ဓဘာသာနှင့် မပတ်သတ်သော အလေ့အထတစ်ခုကို
အစဉ်အလာပမာ လက်ခံနေကြပါသည်။
ယင်းမှာ "နေ့သင့်နံသင့် နာမည်မှည့်ခြင်း" ပင်ဖြစ်ပါ၏။
ဤအယူအဆမှာ မြတ်စွာဘုရားရှင်က မဂ်ဖိုလ်မှ ဖီလာဖြစ်သော တိရိစ္ဆာန်အတတ်ဟုဆန့်ကျင်ရှုတ်ချတော်မူခဲ့သော "ဗေဒင်" မှ မွေးဖွားလာခြင်းဖြစ်ပါသည်။

ဗေဒင်ပညာ၏ အခြေခံယုံကြည်ချက်မှာ ကိတ်ဂြိုဟ်မှအပ ကျန်ဂြိုဟ်ကြီး ရှစ်လုံးတို့က
လူ၏ ကံကြမ္မာကို ဖန်တီးကြကုန်သည် ဟုယူဆထားခြင်းဖြစ်ပါ၏။
(ဤယုံကြည်ချက်ပင်လျှင် ဗုဒ္ဓဓမ္မမှ ဆန့်ကျင် ဝေးကွာသွားခြင်း ဖြစ်ပါ၏။
မြတ်ဗုဒ္ဓက လူသည် မိမ်ဘ၀ကို မိမိဖာသာ ဖန်တီးသည်ဟု ဟောတော်မူခဲ့ပါ၏။)

ဤဂြိုဟ်ကြီးရှစ်လုံးတို့အကြား၌ မြန်မာအက္ခရာများကို အောက်ပါအတိုင်း ခွဲခြားထားပါသည်။ ဗြဟ္မဏပုဏ္ဏားတို့၏ မှိုင်းမိခြင်းခံရသော ပုဂ္ဂိုလ်တို့၏ လက်ချက်ဖြစ်ဟန်တူပါသည်။
က၊ ခ၊ ဂ၊ ဃ၊ ... တနင်္လာ
စ၊ ဆ၊ ဇ၊ စ်၊ ... အဂၤ
ဋ၊ ဌ၊ ဍ၊ ဏ၊ တ၊ ထ၊ ဓ၊ ... စေန
ပ၊ ဖ၊ ဗ၊ ဘ၊ ... ၾကာသပေတး
ယ၊ ... ရာဟု
လ၊ ... ဗုဒၶဟူး
သ၊ ...ေသာၾကာ
..... တနင်္ဂနွေ
အထက်ပါအတိုင်း ခွဲခြားထားသည့် နေ့အလိုက်နာမည်များကို မှည့်ခြင်းသည်
အစဉ်အလာအမာ ဖြစ်ခဲ့ပါသည်။ လူဝတ်ကြောင် များသာမဟုတ်၊
ရဟန်းသာမဏေနှင့် သီလရှင်များတွင်လည်း အလေ့အထရှင်သန်နေဆဲပင် ဖြစ်ပါသည်။
ထို့အပြင် အချို့က သိမ်သမုတ်ရာ၌ နိမိတ်ဖြေကြားရန်အတွက်
အရပ်ရှစ်မျက်နှာတို့၌ နေ့သင့်နံသင့် ပုဂ္ဂိုလ်တို့ကို နေရာချထားတတ်ကြ၏။
(ဘုရားရှင် ရွှေလက်ထက်တော်အခါက ဤသို့ ပြုမူခဲ့ခြင်းမရှိပါ)

ဗြဟ္မဏပုဏ္ဏားတို့၏ "နေ့သင့်နံကို နာမည်မှည့်ခြင်း" အလေ့အထကို
မြန်မာဗုဒ္ဓဘာသာဝင်များအကြား ထာဝစဉ် ရှင်သန်နေအောင် ရေလောင်းနေသူများရှိပါ၏။
၉၅-ခုနှစ်၊ မေလထုတ် မဂ္ဂဇင်းကြီးတစ်စောင်တွင်
"နေ့သင့်နံကိုက်မှည့်ထိုက်သလော" ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ဖော်ပြထားရာ၊
ယင်းဆောင်းပါးတွင် ဖော်ပြထားသည်များမှ အချက်အချို့မှာ ဤသို့ပါ။

"နာမည်မှည့်ခြင်းအမျိုးမျိုးရှိရာ မဟာဘုတ်တိုင်အထက်ဂြိုဟ်
အင်္ဂ၀ိဇ္ဇာတိုင် အထက်ဂြိုဟ်ဖြင့် မှည့်ခြင်း၊ ယက္ခတိုင်အောက်မှ အထက်သို့တက်၍မှည့်ခြင်း၊
မွေးနံကို အညွန့်အုပ်၍ မှည့်ခြင်း၊ မွေးနံကို ပဉ္စပွတ်အုပ်၍ မှည့်ခြင်း၊
မွေးနံကို အညွန့်အုပ်၍ မှည့်ခြင်း၊ မွေးနံကို ပဉ္စပွတ်အုပ်၍ မှည့်ခြင်း၊
မွေးနံကို ဆပွတ်အုပ်၍မှည့်ခြင်း... စသည်တို့ဖြစ်သည်။"

မွေးနံကိုက်မှည့်ခြင်းဖြင့် ရနိုင်သောအကျိုးကျေးဇူးများမှာ-
() တနင်္ဂနွေသားကို တနင်္ဂနွေနံဖြင့် မှည့်လျှင် ချမ်းသာကြီးအံ့။
      () တနင်္လာသားကို တနင်္လာနံဖြင့် မှည့်လျှင် ခွန်အားစွမ်းပကား ကြီးမားအံ့။
      () အင်္ဂါသားကို အင်္ဂါနံဖြင့် မှည့်လျှင် ဥစ္စာရအံ့။
      () ဗုဒ္ဓဟူးသားကို ဗုဒ္ဓဟူးနံဖြင့် မှည့်လျှင် ကျေးကျွန်၊ ကျွဲနွားများ အံ့။
      () ကြာသပတေးသားကို ကြာသပတေးနံဖြင့် မှည့်လျှင် ချမ်းသာအံ့။
      () သောကြာသားကို သောကြာနံဖြင့် မှည့်လျှင် ချမ်းသာအံ့။
      () စနေသားကို စနေနံဖြင့် မှည့်လျှင် ငယ်စဉ်က အလှူပေးရအံ့။ - ဟူ၍
"အကောင်းဟောချည်း" ကိုသာတွေ့ရလေသည်။
မည်သည့်နေ့သားမဆို မွေးနံအလိုက် နေ့နံကိုက် မှည့်ခြင်းဖြင့် အဆိုးမပါ။ အကောင်းသာဖြစ်ခြင်း၊
မွေးနံကို သိရှိမှတ်သားဖို့လည်း လွယ်ကူခြင်းတို့ကြောင့် နေ့နံအလိုက် မှည့်ခြင်းသည်
အသုံးပြုသင့်သော နည်းစနစ်တစ်ခုဖြစ်ပါသည်။
"အစမွေးနံ၊ အရင်းခံ၊ ဘုန်းကံတိုးတက်လှ" ဟူသော
ဆိုရိုးစကားနှင့်လည်း ကိုက်ညီမည် ဖြစ်ပါသတည်း။

ရှေးအခါက လူတစ်ရာလျှင် ကိုးဆယ်နီးပါးခန့်
နာမည်ကိုမွေးနံဖြစ့် မှည့်ကြသည်ချည်းဖြစ်၏။
တနင်္ဂနွေသားတစ်ရာလျှင် ကိုးဆယ်ခန့် တနင်္ဂနွေနံဖြင့် မှည့်ကြလင့်ကစား၊
ထို ကိုးဆယ်မှာ ဘယ်နှစ်ယောက်ချမ်းသာပါသနည်း။
ချမ်းသာခြင်းဟူသည် "နာမည်" နှင့်မဆိုင်၊
ကံ၊ ဥာဏ်၊ ၀ီရိယ တို့နှင့်သာသက်ဆိုင်၏။
ရှေးခေတ်အခါက ကျေးလက်နေ ပြည်သူအများစုက
နေ့နံသင့် အမည်ပေးခြင်း၌ ပို၍ ယုံကြည်ကြ၏။
တစ်ရွာလုံးတွင် နေ့သင့်နံသင့် နာမည်မမှည့်သူဟူ၍ တစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်၊
နေ့သင့်နံသင့် နာမည်မှည့်သူတွေချည်း ဖြစ်ပါလျက်
တစ်ရွာလုံးတွင် ချမ်းသာသူက လက်ချိုးရေတွက်၍ ရပြီး ဆင်းရဲသူက အများစုဖြစ်ပါ၏။
နေ့သင့်နံသင့် နာမည်မှည့်ပါလျက် ဘာကြောင့် မချမ်းသာပါသနည်း။
"အစမွေးနံအရင်းခံ ဘုန်းကံတိုးတက်လှ" ဟူသည်ကို
ဆိုရိုးစကားဟု (အထက်ပါ ဆောင်းပါးတွင်) ရေးခဲ့၏။
ဆိုရိုးစကားဖြစ်လျှင်လည်း၊ သာသနာပြင်ပ ဗြဟ္မဏ၀ါဒီတို့၏
နောက်လိုက်ငယ်သားများက ပြောသော "ဆိုရိုးစကား" သာဖြစ်မည်။
ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ဆိုရိုးစကားမဟုတ်ပါ။

ထေရ၀ါဒကမူ ဘုန်းကံဟူသည် ပုဂ္ဂိုလ်၏ ကံ၊ ဥာဏ်၊ ၀ီရိယနှင့် ပြုအပ်သော
ကုသိုလ်မှု၊ အကုသိုလ်မှုတို့ အပေါ်တွင်သာ တည်ပါ၏။ နာမည်နှင့် မဆိုင်ပါချေ။

နေ့နံအလိုက် နာမည်ပေးခြင်းနှင့် စပ်လျဉ်း၍ တည်တော်ဆရာတော်ဘုရားကြီးက
"လောကီအယူအဆအရသာ နေ့နံလိုက်ပြီး နာမည်မှည့်ခေါ်ကြခြင်းဖြစ်ပါသည်။
လောကုတ္တရာလမ်းက ဘုရားအရိယာ သူတော်မြတ်များသည်
နေ့နံအလိုက် နာမပညတ်ကို အဓိကထားပြီး သုံးစွဲတော်မမူကြပါ။
ထို့ကြောင့် ဘုရားရှင်တို့၏ ဘွဲ့တော်များမှာ
နေ့နံအလိုက် မတွေ့ရခြင်း ဖြစ်ပါသည်" ဟူ၍ မိန့်တော်မူခဲ့ပါ၏။

နာမည်မှည့်ခြင်းအပေါ် တည်မှီ၍ ချမ်းသာခြင်းလည်း မဖြစ်နိုင်။ ဆင်းရဲခြင်းလည်း မဖြစ်နိုင်။
နာမည်မှည့်၍ ချမ်းသာမည်ဆိုလျှင် ဗေဒင်ဆရာသားတွေချည်း ချမ်းသာနေမည်ဖြစ်ကြောင်း
နာမည်ကျော် လက္ခဏာဆရာကြီး ဆရာစန္ဒြက
(ဘ၀ခရီးနှင့် အတွေ့အကြုံများ စာအုပ်၊ စာမျက်နှာ ၁၉၂ တွင်) ဤသို့ရေးသားခဲ့ပါ၏။
ယခု အသက်ကြီးလာသောအခါ
ငါးရာငါးဆယ် ဇာတ်တော် ပထမတွဲ၊ စာမျက်နှာ (၄၆၈)တွင်
နာမသိဒ္ဓိဇာတ်ကို မြတ်စွာဘုရားဟောတော်မူသည်။
နာမည်ဆိုသည်မှာ အလကား၊ မောင်သက်ရှည်လို့ မှည့်သော်လည်း အသက်တိုသွားနိုင်သည်။ မောင်ချမ်းသာဟု မှည့်သော်လည်း ဆင်းရဲနိုင်သည်။
မိမိတို့ပြုခဲ့သော အတိတ်ဘ၀ကုသိုလ်များဖြင့်သာ အကျိုးပေးကြကုန်သည်။
ပုဗ္ဗေစကတပုညတာ၊ ရှေးကံက စီမံသည့်အတိုင်း ဖြစ်ရသည်။
မောင်သက်ရှည်ဆိုသူသည် ငယ်ငယ်က သေသွားသည်။
သူဌေးမဆိုသူလည်း ဆင်းရဲနေသည်။
      အမည်ဟူသည်ကား ပညတ်များဖြစ်သည်။ အမည်ဖြင့် ပြီးစီးသည်မရှိ။
ကံဖြင့်သာလျှင် လုပ်ကြရသည်။ အလွန်မှန်သည်။
နာမည်မှည့်၍သာ ချမ်းသာမည်ဆိုလျှင် ဗေဒင်ဆရာသားတွေချည်း ချမ်းသာနေမည်။
ဤကဲ့သို့ နားမလည်ဘဲ အလွဲလွဲ အမှားမှားတွေ ဖြစ်နေသည်။

"နေ့နံအလိုက် နာမည်မှည့်ခြင်းသည် ကြီးပွားချမ်းသာစေ၏" ဟူသော အယူမှာ
ကံ-ကံ၏ အကျိုးကို ပစ်ပယ်သောအယူဖြစ်ပါ၏။ ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံဖြစ်သော
"ကမ္မဿကတာ သမ္မာဒိဌိဥာဏ်" ကိုတားဆီးပိတ်ဆို့သော အယူဖြစ်ပါ၏။
ဘုရားရှင်လက်ထက်တော်အခါကမူ ဘုရားအပါအ၀င် အရိယာသူတော်စင်များသည်
နေ့နံအလိုက် နာမပသုတ်ကို အဓိကထားပြီးသုံးစွဲတော်မမူပါ။
ဘုရားရှင်နှင့် ရဟန္တာအရှင်မြတ်ကြီးတို့၏ ဘွဲ့တော်များမှာလည်း နေ့နံအလိုက် မဟုတ်ပါ။
သို့ဖြစ်၍ "နေ့နံအလိုက် နာမည်မှည့်ခြင်း" သည်
ထေရ၀ါဒ ဗုဒ္ဓဘာသာအယူမဟုတ်ဘဲ၊
ဟိန္ဒူဗြဟ္မဏတို့၏ ဂြိုဟ်ကြီးကိုးလုံးအယူဝါဒမှ မြစ်ဖျားခံလာသော
အလေ့အထတစ်ခုဖြစ်ကြောင်း အသိရှင်း၊ အမြင်လင်းစေလိုပါသည်။
မင်းနန် မော်ကျွန်း - အယူအမြင်မှန်ကန်ရေးမှ
Credit: mmcybermedia
ဆက်ဖတ်ရန်

Monday, December 2, 2013

“ စိတ်ဓာတ်ကျနေရင် ဒါလေးဖတ်ပါ ”



သူငယ်ချင်းတစ်ယောက်တစ်ယောက်က လုပ်သမျှတွေအဆင်မပြေလို့ စိတ်ညစ် တဲ့အကြောင်း စာရေးသူကိုလာပြောပြပါတယ်၊ ဒါနဲ့သူကိုစိတ်ဓာတ်ခွန်အား တိုးပွားစေဖို့ စကားတစ်ချို့ပြောဖြစ် ပါ တယ်၊ ခုသူငယ်ချင်းကိုပြောပြဖြစ်တဲ့ စကားလေးတစ်ချို့ကို စာ ဖတ်သူတွေကိုမျှဝေချင်တာပါ၊ လူတိုင်းစိတ်ညစ်ကြပါတယ်၊ စိတ်ဓာတ်ကျကြပါတယ်၊ လူငယ်တွေမှာအများဆုံး စိတ်ဓာတ်ကျ ရတဲ့အကြောင်းကတော့ အချစ်ရေးမပြေလည်လို့ဖြစ်တာများပါတယ်၊ လူလတ်ပိုင်းတွေကြပြန်တော့ အိမ်ထောင်ရေး၊ စီးပွားရေးအဆင်မပြေကြလို့ စိဓာတ်ကျ ရတာများပါတယ်၊ လူကြီးပိုင်းတွေကြပြန် တော့ သားသမီးကံမကောင်းလို့ ကျန်းမာရေးမ ကောင်းလို့ စတဲ့အကြောင်းတွေကြောင့် ဓိတ်ဓာတ် ကျရပါတယ်၊ တရားဝင်သုတေသန လုပ်ထားတာပေါ့မဟုတ်ပါဘူး၊ ဖြစ်လေ့ဖြစ်ထရှိတတ် တာလေး တွေကို ခန့်မှန်းခြေနဲ့ ပြောပြကြည့်တာပါ၊ မှားသွားရင်လည်း ဆောရီးပါလို့ ကြိုတင်တောင်းပန် ထားပါရစေ၊ ဘာပဲဖြစ်ဖြစ် လူတိုင်းဟာ တစ်နေ့နေ့တစ်ချိန်မှာတော့ စိတ်ဓာတ်ကျ၊ စိတ်ညစ်ကြရတာပဲ မဟုတ်လား၊ စိတ်ညစ်တဲ့အခါ ဘယ်လိုဖြေဖြောက်ကြမလဲ များသောအားဖြင့်အရက်သောက် လိုက်ကွာလို့ ပြောကြမယ်ထင်ပါတယ်၊ အရက်သောက်လို့ တကယ်စိတ်ညစ်တာတွေက ပြေပျောက်သွားပါသလား စိတ်ညစ်လို့ အရက်သောက်ဖူးသူတိုင်းသိပါတယ်၊တကယ်မ ပြေပျောက်ပါဘူး၊ အရက်သောက်တဲ့အ တွက် အမှားတွေထပ်ဆင့်ပြုလုပ်မိပြီး စိတ်ညစ်စရာတွေထပ်ဆင့်တိုးဖို့သာများပါတယ်၊ ဒါဆိုစိတ်ညစ် ရင်ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လို ရင်ဆိုင်ကျော်လွှားကြမလဲ၊
လွယ်ပါတယ်စာဖတ်သူရယ် လွယ်တယ် ပြောလို့ဆက်မဖတ် ချင်တော့ဘူးလား၊ လွယ်ပေမဲ့ခက်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအရာက မိမိကိုယ်တိုင် လိုက်နာကျင့်သုံးရတာမို့ပါ၊ ဒါပေမဲ့အချိန်တော့ယူရမယ်နော်၊ ခုရေတွင်းတူး ခုရေကြည် သောက်ဆိုသလိုတော့မဖြစ်နိုင်ဘူးလေ၊ မြစ်ကမ်းဘေးကိုရောက်ဖူးကြတယ်မို့လား၊ ကမ်းဘေးမှာ ရေမ တက်အောင်၊ ရေမတိုက်စားအောင် မြေတွေအုတ်တွေဖို့ထားတယ်မို့လား၊ အဲဒီလိုဖို့ထားတာ ကာထား တာတွေဟာ ရေတွေမတက်ခင် ကြိုတင်လုပ်ထားရတာလေ ရေတွေတက်လာမှလုပ်နေရင် ဘယ်မှာ နိုင်တော့မှာလဲ အားလုံးစုန်းစုန်မြုပ်တော့မယ်ပေါ့၊ ဒါကြောင့် ကြိုတင်ပြင်ဆင်ထားခြင်းက တိုက်ပွဲရဲ့တစ်ဝက်ကိုနိုင်ထားခြင်းပါ စာရေးသူရယ်၊ ကောင်းပြီးလေ ဘယ်လိုပြင်ဆင်ကြမလဲ၊ ဘာနဲ့ပြင် ဆင်ကြမလဲ၊ ဥပမာလေးတွေနဲ့ပြောကြည့်ချင်ပါတယ်၊ မြတ်စွာဘုရားရှင် ဘုရားမဖြစ်ခင်ကာလ လေးတစ်ခုမှာ ပါ၊ မဟာဗောဓိပင်အောက်မှာ ဘုရာဖြစ်တော်မူရန်ကျင့်ကြံနေတဲ့ အချိန်မှာ အားလုံးသိကြမယ် ထင်ပါ တယ်၊ မာန်နတ်မင်းကြီးလာရောက်နှောက်ယှက်တယ်လေ၊ စဉ်းစားကြည့်ပါ စာဖတ်သူရယ် အဲဒီအချိန် မှာ ဘုရားအလောင်းတော်နား ဘယ်သူမှ မရှိခဲ့ဘူးလေ၊ ဘုရာအလောင်းတော်တစ်ပါးတည်းပေါ့၊ မာန်နတ်မင်းကြီးဘက်ကြတော့ သူကိုယ်တိုင်ကလက်ရုန်း ပေါင်းတစ်ထောင်းနဲ့လေ၊ ပြီးတော့ နောက်လိုက်တပည့်စစ်သည်တွေကလည်းအများကြီးလေ၊ မာန်နတ်မင်းကြီးက ဂီရိမေခလာဆင်ကြီး ကိုစီးလို့လေ၊ ဘုရားအလောင်းတော်က မဟာဗောဓိပင်အောင်မှာ ကတစ်ပါးတည်းလေ၊ ဒီကြားထဲ မာန်နတ်မင်းကသိဒ္ဓတ္ထ ပလ္လင်ပေါ်ကအမြန်ဆင်းလော့စတဲ့ ရန်စကားတွေနဲ့ အမနာပစတာတွေ ပြောကြားသေးတာလေ၊ တွေးကြည့်ရင် ကြက်သီးသီးဖြန်းဖြန်းထချင်စရာကြီးပါ စာဖတ်သူရယ်၊ ဘာကြောင့်လဲဆိုတော့ ဘုရားအလောင်းတော်ဘက်မှာ သက်သေပြစရာ ဘာရယ်မှ မရှိဘူးလေ၊ တကယ့်တကယ်ပိုင်ဆိုင်တာမှန်ပေမဲ့ ဘယ်မှာလဲသက်သေ၊ ဘယ်မှာစာချုပ်စာတမ်း၊ ဘယ်မှာလဲဂရမ်၊ မှန်ကန်ပေမဲ့ ကြံကြံဖန်ဖန်တွေနဲ့တွေ့တော့ တစ်ခါတစ်ခါ အမှန်အကန်တွေလည်း ခံသွားရဖူးတဲ့ သာဓ ကတွေ ရှိခဲ့ဖူးတယ်မို့လား စာဖတ်သူရယ်၊ ဒါပေမဲ့ ဘုရားလောင်းမှာ တစ်ခုတည်းသောသက်သေက ဟောဒီမဟာပထ၀ီမြေကြီးပဲရှိခဲ့တယ်လေ၊ ဘုရားအလောင်းတော်ဟာ တစ်လောကလုံးကိုပို့သနေတဲ့ မေတ္တာတွေကိုလည်း မာန်နတ်မင်းဆီကိုပဲ ပို့သထားပါတယ်၊ နောက် မဟာပထ၀ီမြေကြီးကို လက်ညှိုးညွှန်ပြပြီးဤမဟာပထ၀ီမြေကြီးသည် ငါပြုသမျှ ကောင်းမှုအစုစုအား သက်သေအရာ၌ တည်ပါစေသားလို့ သစ္စာဆိုလိုက်ပါတယ်၊
သစ္စာဆိုလိုက်တာနဲ့တပြိုင်နက် မဟာပထီမြေကြီးက သက်သေအရာမှာတည်တဲ့အလား သွက်သွက်ခါအောင်လှုပ်ရှားသွားပါတယ်၊ အဲဒီအချိန်ကြမှ မာန်နတ်နဲ့သူ့စစ်သည်အပေါင်းအပါတွေလည်း ထွက်ပြေးသွားကြပါတယ်၊အဲဒီလိုသစ္စာဆိုနိုင်တာက လည်း ကောင်းမှုပြုတိုင်း ဟောဒီမဟာပထ၀ီမြေကြီးကို သက်သေအရာထားပြီး ရေစက်သွန်ချခဲ့လို့ပါ၊ ပြောချင်တာကတော့ စာဖတ်သူရယ် တကယ်အရေး တကယ့်ဘေးကြတော့ ကိုယ်ပြုခဲ့တဲ့ကောင်းမှု တွေက ကိုယ်ရဲ့အားကိုးရာနဲ့ ကိုယ်ပို့တဲ့မေတ္တာတွေက ကိုယ်ရဲ့ထာဝရမိတ်ဆွေကောင်းတွေပါ၊ စာဖတ် သူကပြောမှာပေါ့ ဘုရားလောင်းမို့လို့ပါကွာလို့၊ အဲဒီလိုထင်နေရင် စာဖတ်သူကျေနပ်သွား အောင်နောက်ထပ်ဥပမာလေးတစ်ခု ထပ်ပြောပြပါဦးမယ်၊
ခုပြောပြမဲ့ ဥပမာလေးက လူတောင်မဟုတ် ပါဘူး တိရစ္ဆာန်လေးတစ်ကောင်ရဲ့ တကယ့်အဖြစ်အပျက်ပါ၊ ကမ္ဘာဦးကဖြစ်ပျက်ခဲ့တာပါ၊ ဒီလိုပါ စာဖတ်သူ။ တစ်ခါက တောကြီးမျက်မည်းထဲမှာ အဖေအဖေတွေနဲ့ အတူနေတဲ့ ငုံးပေါက်စလေးတစ် ကောင်ရှိခဲ့ပါတယ်၊ ငုံပေါက်လေးက ငယ်သေးတော့ ဘယ်ကိုမှကောင်းကောင်း မပျံနိုင်ပါဘူး၊ အစာလည်းမရှာနိုင်ပါဘူး၊ တစ်နေ့ကံဆိုးချင်တော့ တောမီးကြီးထလောင်ပါတယ်၊ ဒီအချိန်မှာ တော ကောင်တွေအားလုံး မီးလွတ်ရာကိုပြေးကြပါတယ်၊ ငုံးပေါက်စလေးရဲ့အဖေနဲ့အမေလည်း မီးလွတ်ရာ ကိုပြေးသွားပါတယ်၊ လောင်နေတဲ့မီးလျှံတွေကြားမှာ အတောင်မရှိလို့ မပျံနိုင်တဲ့ ငုံးပေါက်စလေးတစ် ကောင် ထဲ ကျန်နေခဲ့ပါတယ်၊ တွေးကြည့်ပါစာဖတ်သူရယ် အဲဒီလိုအချိန်မျိုးမှာဆိုရင် စာရေးသူရောစာဖတ်သူပါ တကယ်ရင် ဆိုင်နေ ရရင် ခိုက်ခိုက်တုန်အောင်ကြောက်ပြီး အီးအီးတွေ၊ ရှူးရှူးတွေပါနေမှာပါ၊ မီးကတွေက ဒီလောက် အားကောင်းနေတာလေ၊ ပူလည်းတော်တော်ပူနေမှာပါ၊ ဒါပေမဲ့ ငုံးပေါက်စလေး ဘာလုပ်တယ်ထင်ပါ သလဲ စာဖတ်သူရေ၊ ဆက်မဖတ်သေးပဲနဲ့ နဖူးပေါ်လက်တင်ထားပြီး ခဏလေးတွေးကြည့်လိုက်ပါနော်၊ ကဲစာဖတ်သူ ဦးနှောက်ခြောက်နေပါဦးမယ်၊ ဒီလိုပါစာဖတ်သူရယ်၊ ငုံးပေါက်စ လေးက ကြောက်နေတဲ့ စိတ်တွေ၊ ကျနေတဲ့စိတ်ဓာတ်တွေကို တခဏခြင်းစုစည်းလိုက်ပြီး၊ ခုလိုသစ္စာဆို ပါတယ်

ငါ့မှာ အမိအဖရှိပါ၏၊ ဒီမီးမှလွတ်အောင် သူတို့မကယ်နိုင်ပါ အတောင်ရှိပါ၏ သို့သော် မပျံနိုင်ပါ၊ ဤသစ္စာစကားမှန်ကန်ပါက ဤတောမီးသည် ငြိမ်းပါစေသား” 

အံသြစရာကောင်းပါတယ် စာဖတ်သူရေ၊ အဲဒီလိုသစ္စာဆိုလိုက်တာနဲ့ တပြိုင်နက်တောမီးက ရေနဲ့ပက်ဖြန်းငြှိမ်းသတ်လိုက်သလို ငြိမ်းသွားပါတယ်၊ ငြိမ်းရုံတင်မက အဲဒီနေရာကို ကမ္ဘာတည်သရွေ့ မီးဘယ်တော့မှ မလောင်နိုင်ပါဘူး တဲ့၊ တခြားတန်ခိုး မဟုတ်ပါဘူးစာဖတ်သူ၊ သစ္စာတန်းခိုးပါ၊ ဒါကြောင့် မာန်လည်ဆရာတော်ကြီးက လည်းကတိသစ္စာ၊ တည်သောခါဝယ်၊ သြဇာလေးနက်၊ပေါ်ဆီတက်၍ ၊နွယ်မြက်သစ်ပင်၊ဆေး ဖက်ဝင်၏၊ သစ္စာနှုတ်သီးမာန္တာန်ကြီးကား သေပြီးသော်မှ ရှင်ပြန်ရ၏လို့ ရေးဖွဲ့ထားတာပါ၊ ဒါကြောင့်ပြောချင်ပါတယ် စာဖတ်သူရယ် ကိုယ်မှန်ရဲ့နဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ တစ်ယောက်တည်း ကူကယ်သူမဲ့ပြီး စိတ်ဓာတ်တွေ အတုံးလိုက်အတစ်လိုက် ကျနေတယ်ဆိုရင် ကျန်တာတွေသွားအားမကိုးပါနဲ့ ကိုယ်လုပ်ထားတဲ့ ကိုယ်ပိုင်ကုသိုလ်ကောင်းမှုတွေကို သစ္စာဆိုပြီး မေတ္တာသာများများပို့လိုက်ပါလို့။ အော်မေ့တော့မလို့ စာဖတ်သူရေ သစ္စာဆိုလို့ ပါဠိစကားလုံးကြီး၊ တရားစကားကြီး ဆိုပြီး ကြောက်မသွားပါနဲ့ သစ္စာဆိုတာ=မှန်တာကို မှန်တဲ့အတိုင်းပြောဆိုတာပါလို့ မြန်မာလိုရိုးရိုးလေး တွေးပါနော်၊ မေတ္တာဆိုတာကတော့ ကိုယ်အတွက်အကျိုးမမျှော်ပဲ သူအကျိုးကို မျှော်ကိုးပြီး ကျန်းမာပါ စေ၊ ချမ်းသာပါစေ ပို့ဝေနေတာကို ဆိုတာပါ။ စာဖတ်သူအားလုံး စိတ်ဓာတ်ကျခြင်းမှ ကင်းဝေးကြပါစေ၊
[ရွှေမန်းသား အရှင်အကုင်္ရ(ကျောက်ဆည်)] သာသနာတက္ကသီလဓမ္မာစရိယ၊ Young Buddhist's Association မှတင်ပြသည်။
ဆက်ဖတ်ရန်
မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...